Tuesday 1 July 2008

သေဆုံးခြင်း

အဲဒီနေ့က ကောင်းကင်ကြီးအလွမ်းတွေနဲ့ အုံမိုင်းနေတယ်
အဲဒီနေ့က ရင်ထဲမှာ မိုးရွာနေတယ်
အဲဒီနေ့ ကချစ်သူမရှိဘူး
အဲဒီနေ့က သီချင်းမဆိုဘူး
အဲဒီနေ့ က ကဗျာမရေးဘူး
အဲဒီနေ့ က ကျောင်းမတက်ဘူး
အဲဒီနေ့ က မီးမလာဘူး
အဲဒီနေ့ က အလွမ်းမရှိဘူး
အဲဒီနေ့က ရက်ရာဇာမဟုတ်ဘူး
အဲဒီနေ့ က ပုံမပြောဘူး
အဲဒီနေ့ ကဆေးလိပ်မသောက်ဘူး
အဲဒီနေ့ က ဖိနပ်မပါဘူး
အဲဒီနေ့က ရေမသောက်ဘူး
အဲဒီနေ့ က လူတွေမနည်းဘူး
အဲဒီနေ့ ကအမှောင်ထုထဲ တစ်မတ်စေ့နဲ့ခရီးထွက်
အဲဒီနေ့ က (ငါ).အသက်မရှိခဲ့ဘူး..။ (1:27)AM

………………………………..စမ်းရေသံ……………..(၂.၇.၀၈)



Friday 30 May 2008

ဆု

ချစ်သူရေ..
ရင်ခွင်တိမ်တိုက်တွေကြားမှာ
ငါ့အလွမ်းတွေ ကဆုန်ပေါက်နေလိုက်တာ
တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့
သိရခြင်းတွေငွေ့ရည်ဖွဲ့ကုန်ပြီ။
ချစ်တယ် ဆိုတဲ့ဝေါဟာရတစ်ခုတွက်
(ငါ့)မာန ကိုခ၀ါချခဲ့တာတောင်
ယုံကြည်မှုဆိုတဲ့
နှစ်သိမ့်ဆုလေးတောင်မရခဲ့ဘူး။
……………………………………..
……………………………………..
ကောင်မလေးရေ..
ကျေနပ်စွာကျဆုံးနေချင်သူပါ…
…………..စမ်းရေသံ……….(3:20)am
31.5.08

Tuesday 8 April 2008

အလင်းရောင်မဲ့နေထိုင်ခြင်း

အမှန်တရားကိုအတိတ်မေ့သလိုမေ့
အတိတ်စာမျက်နှာတွေကို မီးရှို့
သံမိုရိုက်ထားတဲ့ ခံစားချက်တွေက
မီးခိုးတွေလိုထွက်မလာခဲ့ဘူး
ဟန်ဆောင်မှုတွေ
ခေတ်လွန်ယဉ်ကျေးမှုတွေ ရဲ့
ဗြောင်ကျကျ စိမ်ခေါ်မှုအောက်မှာ
ငါ့ဖြစ်တည်မှုတွေ
အတ္တဆန်ဆန်အတွေးတွေဟာ
တခါတရံ ..ပုတ်စော်နံတယ်
ငြိမ်းချမ်းရေး၊ယဉ်ကျေးမှု၊လူ့အခွင့်အရေး
စကားလုံးတွေနဲ့ခြယ်သတဲ့
နိုင်ငံတကာ ယဉ်ကျေးမှု မာတိကာမှာ
ဘယ်မှလဲ ..အမှန်တရား
ဟန်ဆောင်မျက်နှာဖုံး မာယာမျက်လုံးတွေကြား
ငါ့ အသက်ရှင်နေထိုင်ခြင်းဟာ
တဖြည်းဖြည်း အသက်ရှူ ကြပ်လာပြီ။

.......စမ်းရေသံ...(7.4.08)4း25pm

Wednesday 19 March 2008

အပိုင်းအဆများ-၁

မွန်းကျပ်ကျပ် အခန်း…သောက်လက်စ ဆေးလိပ်တိုများ..ပုလင်းခွံများ tablelampတစ်ခု ခပ်စုတ်စုတ် ကွန်ပြူတာတစ်စုံ ကြိုးပဲ့နေတဲ့နားကြပ် အချိန်၏တိုက်စားမှုကြောင့်ရင့်မှာသွားသော နှလုံသားတစ်စုံ
ကံကြမ္မာအရ ဖြစ်ချင်တာမဖြစ်ရတဲ့ ဘ၀မှာ .. ကံကြမ္မာအလိုအရ လိုက်ပါမျောနေသော..
ပျော့ညံညံ အတွေးအခေါ် များနဲ့ ….. … ..ကုန်ဆုံးသွားတဲ့ နေ့တွေကတော့ ပုံမှန်ပါပဲ …သမာရိုးကျ theory တစ်ခုလိုပါပဲ နံနက်ခင်းအလင်းရောင်တွေပျောက်ဆုံးပြီ.ညတွေအကြောင်းသိခဲ့ရတွေနေ့တွေ က ..January က နေ December ကြားလူးလားခေါက်ပြန်ပေါ့ …နာရီမရှိ. ပြက္ခတိန်မရှိ ခဲ့ ဘူး
တစ်ခါတစ်ခါ ညတွေက အထီးကျန်ဆန် ခဲ့ပြီး..တစ်ခါတစ်ခါ ညတွေမှာ တော့ ..cheer’ ဆိုတဲ့
ဖန်ခွက်တိုက်သံတွေ..တပိုင်းတဆရင်ခုန်သံတွေနဲ့ ..မီးခိုငွေ့တွေကြားမှာ .. ပါးစပ်နဲ့ရယ် ရတဲ့ ရယ်သံတွေ ပါသလို ရံဖန်ရံခါတော့ ရင်ဘတ်နဲ့ ရယ်ရတာတွေရှိခဲ့ဘူးတယ် .. ပါးစပ်နဲ့ စကားပြောခဲ့သလို ရင်ဘတ်ချင်းလည်းစကားပြောခဲ့ဘူးတယ်….ခါးသက်သက်ကော်ဖီတခွက်နဲ့ နေ့လည်တွေကို အစာကျွေးဖူးခဲ့တယ်။ အစာအိမ်ဟောင်းလောင်းနဲ့ ညတွေ ကျော်ဖြတ်ဖူးတယ် ။
တစ်ယောက်တည်းအချိန်တွေမှာတော့သံစဉ်တွေကိုအဖော်လုပ်တယ်..သံစဉ်တွေနဲ့မလုံလောက်တဲ့အခါ.. ကဗျာတွေအန်ချတယ် .. ရင်ခုန်သံအတုတွေအတွက် မုသာဝါဒတွေ ပလုတ်ကျင်းခဲ့ဘူးတယ်
အတိသယ၀ုတ္တိ အင်္လကာအသုံးများတဲ့ အတွက် ကိုယ်ကို ကို စကားလုံးချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံရဘူးတယ် ..ကဗျာတစ်ပုဒ်အတွက် နံနက်ခင်းအလင်းရောင်ကို မြင်ခဲ့ဖူးတယ် ..
စိတ်ကူးတွေထဲကအနာဂတ်တွေထဲမှာ ကက်စ်ထရို .ချီကွေဗားရား တို့လို ကြီးကျယ်ခဲ့ဖူးတယ်..
ရာဘင်ဒရာနတ်တဂိုးလို .. ထိတ်တန်း ကဗျာဆရာကြီးဖြစ်ဘူးတယ် …
ဖြစ် ချင်ဖြစ်လို့ရတဲ့ စိတ်ကူးတွေအတွက် .. ဦးနှောက်မရှိတဲ့ အချိန်မှာ ကျေးဇူးတင်ခဲ့ဖူးတယ်
ရေရေရာရာမရှိတဲ့အတွေးတွေဦးတည်ရာမဲ့ရည်ရွယ်ချက်တွေမညီမျှတဲ့ ကံကြမ္မာတွေ ကြားမှာတော့ ..သေချာတာတစ်ခုတော့ရှိခဲ့ဖူးတယ် ။။
ယောင်္ကျားမာန..ပစ္စည်းမဲ့မာနတွေ အတွက် ဘယ်တော့မှ အောက်ကျ မခံခဲ့ဘူး.။

စမ်းရေသံ…5း49pm (19.3.08)



Monday 17 March 2008

ခွဲခွာခြင်း

တိတ်ဆိတ်ခြင်းက
ငါတို့နှစ်ဦးကြား အဓိပွါယ်ကိုယ်စီတွေနဲ့
တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေက
လျှံကျလာမဲ့ စကားလုံးတွေအတွက်
သံစဉ်မညီညာလိုက်တာ......

ဆွံအခြင်းရှေ့မှောက်က
ငါတို့နှစ်ဦးဟာ သက်ပြင်းတွေထုတ်ပိုးထား
အေးဆက်ဆက်လက်တွေကတော့ ပွေ့ဖက်ထားဆဲ
ခွဲခွာချိန် မျက်ဝန်းတွေအတွက်တော့
ကာရန်မညီလိုက်တာ.......

အလွမ်းတွေ ကြားက
ရုန်းထွက်ကြဦးစို့...ချစ်သူ
မာနတွေအောက်က ဒို့နှစ်ယောက်အတွက်တော့
မျဉ်းပြိုင်ဆိုတဲ့ အခြေနေကမဆန်းပါဘူး
အဖော်မဲ့တမ်းချင်းအတွက်တော့
ကဝေဆန်အောင် လှပနေလိုက်တာ.....။
(18.3.2008)23း3AM

......စမ်းရေသံ......


ကျဆုံခြင်း အကြောင်းတရား

ကျေးဇူးပြုပြီး ငါ့ကို
တည်တည်ကြီး စိုက်ကြည့်မနေပါနဲ့
ငါ့အမြင်တွေေ၀၀ါးလာလို့ပါ…….။

ရက်စက်လိုက်တာ
အဲဒီလောက်ကြီးမပြုံးပါနဲ့ကွာ
ဟိုမှာ….ပန်းပွင့်တွေသိမ်ငယ်လို့
ခေါင်းငုံ ကုန်ပြီ…….။

ဖြစ်နိုင်ရင် မင်းစကားလုံးတွေ
ခဏလောက် ရပ်ထားပေးပါ
ငါအသက်ရူ ကြပ်လာလို့…..။

ငါ့ကို တကယ်သနားရင်
မင်းရဲ့ အနမ်းတွေသိမ်းပေးထားပါ
ခံနိုင်ရည်မရှိဘဲ
ငါ…..လဲကျသွားမှာစိုးလို့ပါ ။…………………….။

(9.2.2007) 12:38AM

.........စမ်းရေသံ......

Wednesday 5 March 2008

သင်ခန်းစာ

ဆွံအခြင်းမျက်လုံးတွေနဲ့
လူမဆန်အသွင်အပြင်အောက်မှာ
ငါ..ဒူးတွေထောက်နေ့ရပါပေါ့လား
မြင်အောင်ကြည့်လိုက်စမ်းပါ
ရင်တွေတဖျန်းဖျန်းကွဲလိုက်ပုံများ
ခါးသက်သက်တစ်ည
အမှားအထပ်ထပ် ငါကျုံးယူရင်းနဲ့

ငါလည်းလူသားတစ်ယောက်ပဲ
သူများလောက်တော့ စိတ်ရှိပါသေးတယ်
ဒါကြောင့် ..အရောင်မဲ့အခန်းထဲမှာ
ဗြောင်ပဲ..တအားကျုံးအော်ပြစ်လိုက်တယ်
လှောင်တဲ့သူအားလုံးကို ဂရုမစိုက်ဘူး

အချစ်ဆိုတဲ့ သဘောကို
တုံးလွန်းတဲ့ငါ လုံးဝနားမလည်ခဲ့
နိဂုံးကျမှ(လေးဖြူဆိုတဲ့အတိုင်း )
အချစ်ရေ မင်းက..စုန်းမ..လို့
ငါမပြောရက်ပါဘူး

သူငယ်ချင်းကပြောတယ်
....မင်းရှုံးသွားပြီး....တဲ့
ဟုတ်တယ်.......
ဒါပေမယ့် ... သူမသိသေးတာက
ငါမင်းကို မုန်းလို့မှမရတော့တာ
အပြီးသတ်ကျတော့မှ
ကီးပျက်နေတဲ့ ဂစ်တာတလက်ကို
ဖီးတက်ကာ ဒဏ်ရာဗရပွတွေနဲ့
သီးသန်းကဗျာတစ်ပုဒ် စပ်လိုက်တယ်
အချစ်ရေ... မင်းက ဗီးနပ်စ် အလှဘုရား..

ဒီနေ့ည ကြယ်တွေစုံတယ်
ဟာတာတာ ခံစားချက် နဲ့
ဝါတာတာ လမင်းကြီးကို မော့ကြည့်တော့
ချစ်ရေ.... မင်းဖြစ်နေတယ်..
မရေရာဖြစ်နေမှာဆိုးလို့
ဇဝေဇ၀ါနဲ့
နေရာပြောင်းရွေ့ ကြည့်တော့လဲ
သေချာတယ် ..မင်းမှ မင်းပဲ

ဘ၀မှာမကြုံစဖူး
ခံစားမှု အထူထူးကို
မင်းဆီက သင်ယူခွင့်ရတာ
စိတ်ချမ်းသာစရာတော့ ကောင်းပါရဲ့
ဒါပေမယ့် ငါက
ထိတ်တန်းကဗျာဆရာ တစ်ယောက်မှမဟုတ်တာ
ဒီတော့မိန်းကလေးရေ.....
ရိပ်ဖမ်းသံဖမ်းလောက်တော့ ပြောပြခဲ့ပါဦးကွာ။.................။

............စမ်းရေသံ.........


 

blogger templates | Make Money Online